Tuesday, November 20, 2012

ကိုကြီးကို အတွက် အကြော်စုံ







သားသား အဂ္ဂဘုန်းလေးရဲ့ညီ ကိုယ်ဝန် ၃၂ ပတ်ပြည့်

သားလေး အဂ္ဂရေ့ သားလေးအတွက် ညီလေး တစ်ယောက်လူ့လောကကို ရောက်လာဖို့ နီးပြီးကွယ်။

မေမေချစ်သားတွေ ကိုယ်ဝန်ဆောင်ချိန်မှာ ရှိတဲ့ စိတ်ကလေးတွေက အစ မတူကြတာမေမေ သတိထားမိသလို့ သားတို့ရဲ့ ကြီးပြင်းလာမဲ့ ဘ၀လေးတွေကို စိတ်ဝင်စားမိတယ်။


သားလေး အဂ္ဂဘုန်း ကိုယ်ဝန်နဲ့တုန်းကတော့ ဘာသာရေး စာအုပ်တွေကို အတော်လေးစွဲစွဲလမ်းလမ်းဖတ်တယ် အွန်းလိုင်းကနေ ရှင်ဇနက္ကဘိဝံသ စာအုပ်အတွဲလိုက်မှာ ဖတ်တယ်။ တရားတွေနာတယ်။

သားငယ်လေး ကိုယ်ဝန်နဲ့တော့ ဖတ်တဲ့ စာအုပ်တွေက အထူးအဆန်းတွေကြီးပဲ စီးပွားရေးကိုစာအုပ်တွေဖတ်တယ် ပြီးတော့ စိတ်ဓာတ်လည်း ပိုမာနေတာကို တွေ့ရတယ်။ တကယ်ဆို အနားမှာ အမျိုးအရင်း ဘယ်သူမှာ မရှိပဲ နေရတာ အားငယ်မှု့ အလိုလို မျက်ရည်ကျတာတွေ တောင် မရှိဘူး။ တရားတော့ နာဖြစ်ပါတယ်။ တရားလည်း ထိုင်ဖြစ်ပါတယ်။


ပြီးတော့ ထူးဆန်းတာက လမ်းမှာဖြတ်လာတဲ့ သစ်ပင်လေး တွေ ရဲ့ အရွက်အရောင်လေးတွေ ပန်းရနံ့လေးတွေကိုတောင် ခံစားကြည်နူးတတ်တယ်။ ပြီးတော့ သစ်ပင်က ပန်းလေးတွေပွင့်ပြီး အနံ့လေးတွေမွှေးနေတာကိုတောင် သစ်ပင်လေးကို ကျေးဇူးတင်ပြီး သစ်ပင်လေး ကျန်းမာဖို့ ဆုတောင်းပေးဖြစ်တယ်။ ပြီးတော့ သတိထားမိပြီး ကိုယ့်ကိုယ်ကိုယ့်တောင် သဘောကျမိသေးတယ်။

သားလေး နှစ်ယောက်ရဲ့ ကြီးပြင်းလာမဲ့ ပုံစံလေးတွေကို စိတ်ဝင်စားမိပါတယ်။
အင်း ဒီနေ့က တမျိုးတော့ ထူးဆန်းနေသလိုပဲ အလိုလိုနေရင်းကို ငါအရမ်းကို ကံကောင်းတာပဲ ဆိုတဲ့ ခံစားချက်မျိုးရနေတယ်။

အားလုံး ကံကောင်း ကျန်းမာ ချမ်းသာ လိုအင်ဆန္ဒတွေ စိတ်ချမ်းသာစွာပြည့်ကြပါစေ။

ချစ်တဲ့ မေမေ

Sunday, November 4, 2012

မေမေ့ သားလေး အဂ္ဂဘုန်း ဖတ်ဖို့

ချစ်တဲ့သားလေးရေ

မေမေနဲ့သား ခွဲနေတာ ၃၁ အောက်တိုဘာက ၁ နှစ်တင်းတင်းပြည့်ပေါ့ကွယ်။
ဘာကြောင့်ခွဲနေရတာလည်း စဉ်စားတိုင်း ငွေကြေး ကို စိတ်နာမိတယ်။
တကယ်တော့ မေမေ က ငွေကို စစ်စစ်စီစီ တွက်တဲ့ သုံးတဲ့ သူ မဟုတ်ခဲ့လို့ပေါ့။

ဒါကြောင့်အခုတော့ မေမေ သိပ်ချမ်းသာပြည့်စုံချင်တယ် သမာအာဇီဝ နည်းနဲ့ပေါ့။
လက်ဖွာတတ်တဲ့ သားရဲ့ ဖေဖေ နဲ့ မေမေ အခုတော့ ပြင်ရတော့မယ် မပြင်လို့ မဖြစ်ဘူးလေ သားလေးကို မေမေ ခွဲနေရတာ သားလေး အတွက် အရမ်း စိတ်မကောင်းဖြစ်ရပါတယ်။

မေမေ သိတာပေါ့ သားလေး မေမေ့ ကို သိပ်လွမ်းနေမယ် လိုအပ်နေမယ်ဆိုတာ။
ဘယ်သူတွေ ဘယ်လောက်ကောင်းကောင်း မေမေ့ မေတ္တာ ရဲ့ အေးချမ်းမှု့တွေ သားလိုအပ်နေမှာပေါ့ကွယ်။

သားလေး ကျန်းမာ ချမ်းသာပါစေ။

ချစ်တဲ့မေမေ။

Thursday, October 11, 2012

သားလေး အဂ္ဂနဲ့ ခွဲနေရတာ ၁ နှစ်ပြည့်တော့မယ်

ချစ်တဲ့မေမေ့ သားလေး အဂ္ဂဘုန်းရေ့

သားလေးနဲ့ မေမေ ခွဲနေရတာ ၁ နှစ်ပြည့်တော့မယ်ကွယ် ဒီလ ၃၁ ဆိုရင် ၁ နှစ်အတိပေါ့။
သားလေးက ငယ်တော့ မသိပေးမဲ့ မေမေ သားနဲ့ ခွဲရလို့ အင်မတန် ခံစားရပါတယ်။
မွေးပြီးကတည်းက တစ်ညတောင် ခွဲ မအိပ်ဘူးတဲ့ သားကို မေမေ ရင်ဘတ်ပေါ်လက်တင်တိုင်း မျက်ရည်ကျရတယ်။
သားလေး မှတ်မိလား သားက မေမေ့ ဗိုက်အိုးပေါ်မှာ အိပ်လေ့ ရှိတာကွယ်။
သားလေး ၈ လမှာ မလေးကိုသွားလည်ခဲ့တယ်။ သားလေး ၁ နှစ်မှာ မြန်ပြည် ပြန်လည်တယ်။ ၂ နှစ်မှာ ထိုင်းကိုသွားတယ်။ ထိုင်းမှာ ဗန်ကောက်၊ ချင်းမိုင် နဲ့ မဲဆောက်ကိုရောက်ခဲ့တယ်။ မဲဆောက်ကနေ မြ၀တီဘက်မှာ ၂ ရက်သွားအိပ်တယ် အဲဒီမှာ သားလေး သစ်သားပေါ်ခြေချဘူးကာစ ဆိုတော့ အတော် အထူးအဆန်းဖြစ်နေတာလေး အံသြစရာ။ ပြီးတော့ ခြင်ထောင်ကို မြင်ဘူးကာစ အထူးအဆန်း။
သားလေး က လက်ကလေးကို နမ်းတတ်သေးတယ်။
၂ နှစ်နဲ့ ၅လလောက်မှာ သားလေးက ခေါ်လိုက်ရင် ဂျာလို့ ထူးတာလေ မေမေ့ အမောတွေ အားလုံးကိုပြေစေခဲ့တယ်ကွယ်။
အခုမေမေ နဲ့ ခဏတာခွဲနေရတာ အားလုံးအဆင်ပြေစေဖို့ပါ။
သားလေး ကို ဖေဖေ မေမေ ၂ ယောက်လုံးနဲ့ ခွဲနေရတာ မဖြစ်၇အောင်လို့ မေမေ ကပဲ တစ်ယောက်တည်း နေခဲ့တာပါကွယ်။
သားကို သိပ်ချစ်လွန်းလို့ သားလေး နားလည်းနိုင်ပါစေ။
သားလေး မြန်မာစာတွေ ဖတ်တတ်ရင် ဒီစာလေးတွေက သားဖတ်ဖို့ပေါ့။
မေမေ သားကို သိပ်ချစ်တယ် သိလား။ သားလေးက ထူးချွန်ထက်မြတ်တဲ့ သာသနာကို အရောင်ပြောင်အောင် ဆောင်ရွက်နိုင်မဲ့ သားကောင်းရတနာလေး ဖြစ်ပါစေ။ နိဗာန်လှမ်းကို လမ်းမကောက်ပဲ ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်တဲ့ ရတနာလေးတွေ ဖြစ်ပါစေကွယ်။

ချစ်တဲ့မေမေ

မေမေချစ်တဲ့သားလေး အဂ္ဂရေ့

သားလေးရေ မေမေ သားလေးအတွက် ညီလေး တစ်ယောက်လောကကိုရောက်လာတော့မယ်။
သားလေးက အစ်ကိုကြီး ဖြစ်ရတော့မှာပေါ့။

သားညီလေးက သားနဲ့ မတူတာတွေ အများကြီးပဲ

သားကို - ကိုယ်ဝန်ရှိတဲ့အချိန်မှာ ဘာသာရေးစာအုပ်တွေကို အများကြီးဖတ်ဖြစ်ခဲ့တယ်။
အစားအသောက်မှာလည်း အသီးအနှံ အထူးသဖြင့် စတော်ဘယ်ရီကို အရမ်းကြိုက်တယ်။ ပြောင်းဖူးဖုတ်တွေ၊ အားလူးကင်တွေ ကြိုက်တယ်။ အသားနံ့ လုံးဝ မခံနိုင်ဘူး။ အရောင်တွေက တော့ အညိုရောင်တွေကို ပိုသဘောကျခဲ့တယ်ကွယ်။

သားငယ်လေးကတော့ - အတော်လေး ကွာတယ် မေမေ့ စိတ်ရင်း မဟုတ်တာတွေ အတော်တွေ့ရတယ် အဓိကကတော့ အလှအပ အတော်ကြိုက်တာပါပဲ။
အစားကတော့ အတော်လေး မရွေးဘူး အားလုံး အိုကေပါပဲ။

သားကြီးထက် သားငယ်လေးက နည်းနည်း ပိုစိတ်မာမယ်ထင်တယ်ကွယ်။ တကယ်တမ်း သားတို့တွေ ကြီးလာရင် မေမေ သိချင်တာက ဘယ်လိုလေးတွေ ဘ၀ကိုဖြတ်သန်းကြမလည်း သိချင်သား။

ချစ်တဲ့သားလေးတွေ ကျန်းမာ ချမ်းသာ အေးချမ်ကြပါစေ။

ချစ်တဲ့
မေမေ

Tuesday, September 25, 2012

ချစ်တဲ့သားလေးအတွက်

မေမေချစ်တဲ့သားလေး အဂ္ဂရေ့


သားရေ့ သားလေး နဲ့ အတူနေဖို့နီးလာပြီ နေ့တိုင်းနီးပါးသားလေးနဲ့ အွန်းလိုင်းတွေ့နေရပေမဲ့ အနားမှာနေခွင့်မရလို့ တာဝန်မကျေသလိုခံစားရတယ်သားရယ်။

မေမေ သားလေးကို ဘယ်လောက်ချစ်လည်း သားလေး သိမယ်လို့ မေမေ ယုံကြည်ပါတယ်။
သားလေး ပညာရေး သားလေး ရှေးရေးတွေ တွေးရင် မေမေ အင်အားတွေမွေးရပါတယ်။
ချစ်တဲ့သားလေး ကျန်းမာပါစေ အေးချမ်းပါစေ။
  ချစ်တဲ့မေမေ

Wednesday, February 22, 2012

သားလေးဖတ်ဖို့

မေမေသိပ်ချစ်တဲ့သားအတွက်

သားရေ့ ဒီစာက သားအတွက်ရည်ရွယ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သားဖေဖေက မေမေ့ကိုပြောတယ် သားလေးကြီးလာရင် ကိုယ်တို့ကိုအပြစ်တင်မလားတဲ့။
အကြောင်းရင်းကတော့ သားလေးက စင်္ကာပူ ၃၁ မေ ၂၀၀၉ မှာမွေးပြီး ၂၆ အောက်တိုဘာ ၂၀၁၁ မှာ သားဖေဖေနဲ့ အတူ မြန်မာပြည်ကို အခြေချဖို့ပြန်သွားခဲ့လို့ပဲ။
ဘာကြောင့် မြန်မာပြည်မှာ အခြေချဖို့ဆုံးဖြတ်ရသလဲရင်တော့ သားရဲ့ရှေ့ရေးကြောင့်ပါ။

သားလေးကိုမေမေနဲ့ဖေဖေက မြန်မာ အလေ့အကျင့်နဲ့ ယဉ်ကျေးမှု့တွေပေးချင်လို့ပဲ။ မေမေ့ရဲ့ သူငယ်ချင်းတွေက မေးတယ် သားလေးပညာရေးကိုမကြည့်တော့ဘူးလားတဲ့။
သားလေး မေမေ က အရှင်ဇနက္ကာဘိဝံသ ရဲ့ စာတွေကို ဖတ်သလို ဘာသာရေး ကို မြတ်နိုး အလေးထားသူလည်းဖြစ်ပါတယ်။
ဆရာတော်တွေရဲ့ စာတွေက မေမေ့ကိုလမ်းညွှန်ပေးပါတယ် သား လူတစ်ယောက်မှာ စိတ်ဓာတ်ကောင်း၊ စိတ်ကောင်းရှိဖို့က အဓိကပါ။
ပညာက နောက်မှ လာပါတယ်။ မေမေ ဆိုရင် တောရွာလေးမှာ ကြီးလာခဲ့သလို့ ပညာတွေလည်း အဲဒီ တောရွာလေးမှာပဲသင်ခဲ့တာပါ။
အခုနိုင်ငံခြားမှာ သူ့တို့လူမျိုးတွေရဲ့ရှေ့မှာ နောက်မကျပဲ လုပ်နိုင်ပါတယ်သားရယ်။ ပညာက အဓိက မဟုတ်ဘူးလို့ မေမေ မပြောပါဘူး စိတ်ဓာတ်က ပိုအဓိကကျပါတယ်လို့ပြောချင်တာပါ။

ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုး မဖြစ်ရပါဘူး။ သားလေးရယ် မေမေ သားနဲ့ ခဏတာခွဲရတာ မေမေ့ အတွက် ရင်ထဲမှာ မီးလောင်ကျွမ်းနေသလိုပါပဲ။
ဒါပေမဲ့ မေမေတို့ နေရိပ်ကိုလိုချင်ရင် နေပူမှာစောင့်ရတယ်ဆိုတဲ့စကားလို မေမေ တို့ ခဏတာခွဲနေတဲ့ ပူလောင်မှု့ကို မေမေ့ ကျိပ်မှိတ်ခံစားပါတယ် သားကိုချစ်လွမ်းလို့ ဒီနိုင်ငံရဲ့ ဘ၀ကို မပေးချင်တာပါ။
ဒီနိုင်ငံမှာဆိုရင် သားလေး ဖြစ်တောင့်ဖြစ်ခဲ လူ့ဘ၀က အလုပ်လုပ်ဖို့ အတွက် လူဖြစ်ရတာဖြစ်လိမ့်မယ်။

မေမေ က သားလေးကို အလုပ်လုပ်ဖို့ အတွက် လောက်နဲ့ လူဖြစ်လာရတဲ့သူ တစ်ယောက်မဖြစ်စေချင်လို့ပါသားရယ်။ လူ့ဘ၀ကအမတန်ရခဲပါတယ်။
မြင့်မြတ်တဲ့မေမေ့သား ဘာကြောင့် လူ့ဘ၀ဖြစ်လာတယ် ဘာဖြစ်သင့်တယ်ဆိုတာ သားလေး ရှာဖွေတွေ့ရှိပါစေ။ မေမေနဲ့ ဖေဖေ က သားလေးကို လိုအပ်တာအားလုံး လမ်းကြောင်းဖြည့်ဆည်းပေးပါမယ်။
သားလေး အရွယ်ရောက်လာတဲ့အခါ လျှောက်လိုရာကို သားလေးရွေးချယ်နိုင်ပါတယ်။

ချစ်တဲ့မေမေ

Monday, June 14, 2010

အတို့အထိ သားလေးမှတ်တမ်းများ ၁


၁) သားလေး ၈ လမှာ အောက်သွားနှစ်ချောင်းစပေါက်တယ်။
ခလေးနဲ့ပတ်သက် ထူးခြားချက် - အံဖုံးကိုခွဲပြီး သွားပေါက်လာတဲ့အတွက် ခလေးမှာ မအီမသာ နဲ့ ဖျားတတ်ပါတယ်။
ဝမ်းလည်းသွားတတ်ပါတယ်။ စိုးရိမ်စရာမရှိပါ။
နောက် ၁လလောက်နေတော့ အပေါ်သွား တစ်ချောင်းထပ်ပေါက်တယ် ရီစရာ ချစ်စရာကောင်းတယ် တစ်ချောင်းတည်းဆိုတော့။
သိပ်မကြာပါ အပေါ်နောက်တစ်ချောင်းထွက်လာတော့ စုစုပေါင်း အပေါ် ၂ ချောင်း အောက် ၂ချောင်း
၂) သားလေး ၁၀ လမှာ ဖေဖေ၊ မေမေကလွှဲပြီး သူစိမ်းတွေနောက်သိပ်မလိုက်တော့ဘူး။ အပေါက်ဝ သံတံခါးမှာခိုပြီး အပြင်ထွက်ချင်လို့ အော်ဟစ်နေတတ်တယ်။
လမ်းလျှောက်ဖို့ကြိုးစားတယ်၊ ထူးဆန်းတာက သူလက်ထဲမှာ ပစ္စည်းတွေကိုင်ပြီး ခန္ဒာကို မျှတအောင်လုပ်ပြီး မတ်တပ်ရပ်ကာလမ်းလျှောက်ဖို့ကြိုးစားတယ်။
၃) သူရဲ့ ထူးခြားမှု့က ဗိုက်ဆာရင် အော်တယ်၊ အိပ်ချင်ရင် လူပေါ်တွယ်တက်တယ်၊ အီပါထားရင် အော်တယ်၊ နေမကောင်း လူပေါ်တွယ်တက်ကာ လူကပ်နေတတ်တယ်။

Saturday, January 9, 2010

၂၀၁၀ နှင့် ကျွန်မတို့ မိသားစု ဆုမွန်ကောင်း

၂၀၁၀ နှစ်သစ်နှင့် အတူ ဘ၀တွေ အားလုံး ငြိမ်းချမ်းစွာဖြင့် လိုအင်ဆန္ဒတွေ စိတ်ချမ်းသာစွာပြည့်စုံကြပါစေ။



Friday, November 13, 2009

လာခြင်းကောင်းသော သားကလေး ဖိုးပြုံးချို

အငယ်ဆုံးနှစ်ယောက်စုစည်းပေါင်းဆုံကာ ၄-၅ နှစ် ရှိလာတော့ သားကလေးတစ်ယောက် ဘ၀ထဲဝင်လာတယ်။ အငယ်ဆုံးတို့ရဲ့ သဘာဝ တွေပိုင်ဆိုင်ထားတဲ့ ကျွန်မတို့နှစ်ယောက် ကလေးလိုချင်သောလည်း ကလေးရှိလာရင် ငိုမှာ ကိုကြိုတွေကာစိတ်ရှုပ်မိတယ်။ ဘယ်လိုသော ကလေးလေ တို့ဘ၀ထဲ ၀င်လာမလည်းလို့ အမြဲ စဉ်းစားမိတယ်။ တစ်ခါတရံ သူကလေးပုံဖေါ်ကြည့်မိတယ်။ဘယ်သို့သော် အကျင့်ကလေးတွေပါလာမလည်းလို့စဉ်းစားမိလေရဲ့။

အခုတော့ ကျွန်မတို့ မိသားစုဝင် အဂ္ဂဘုန်း လေးက လူတွေတွေ့ရင် ပြုံးချိုတဲ့ မျက်နှာလေးနဲ့ ရယ်ပြတတ်သလို ငိုတာတောင် မတတ်ဘူးလို့ထင်ရလောက်အောင် အငိုနည်းပါတယ်။တစ်ခါတရံ တရေးနိုးထပြီး သားသားလေးကိုကြည့်လိုက်ရင် သူက နိုးပြီးပြုံးပြနေတတ်ပြန်တယ်။

လမ်းမှာတွေ့တဲ့လူတွေကိုလည်းပြုံးပြတတ်ပြီး တွေ့တဲ့လူတွေက သူ့ကိုချစ်ကြပြန်တယ်။

သားလေးရေ မေမေ၊ ဖေဖေ တို့က သားလေးကို သိပ်ချစ်တယ်ကွယ်။

Thursday, September 10, 2009

သားသား အဂ္ဂဘုန်း တိုးတက်မှု့

သားက ဖေဖေ့ ကွန်ပြူတာ စားပွဲပေါ်မှာ ထိုင်နိုင်နေပြီဗျ

သားသားကမှောက်အိပ်တတ်သလို ကိုယ့်ဘာသာလည်းမှောက်နိုင်နေပြီ

Wednesday, September 9, 2009

သားသား သုံးလပြည့်ပြီှးဓာတ်ပုံများ


သားသားနှင့် Merlion



သားသား သုံးလပြည့်ပြီး ပထမဆုံးမြေနင်းပုံ

Saturday, August 29, 2009

သားသား အဂ္ဂဘုန်း ဖေဖေ မွေးနေ့



မွေးနေ့ ဆုတောင်း

သားသား အဂ္ဂဘုန်း ဖေဖေ
ဖြစ်ချင်တာ၊ ဖြစ်သင့်တာ၊ ဖြစ်နေတာတွေ အားလုံး
တစ်ထပ်တည်း စိတ်ချမ်းသာစွာ ဖြစ်နိုင်ပါစေ။

မွေးနေ့မှစ ပျော်ရွှင်မှု့များ အတော်မသတ်ရရှိပါစေ။

Saturday, July 25, 2009

သားသား အဂ္ဂဘုန်း ပုံရိပ်များ

မေမေ့ထက် ပိုရှည်သော မျက်တောင်များပိုင်ဆိုင်သော သားလေး အဂ္ဂဘုန်းမေမေ့ထက် ပိုရှည်သော မျက်တောင်များပိုင်ဆိုင်သော သားလေး အဂ္ဂဘုန်း

သားကိုမွေးပေးသော ဆရာဝန် နှင့် ကျွန်မတို့မိသားစု

ဆေးရုံသို့ သွားစဉ်
ဆေးရုံသို့ သွားစဉ် သားသားပုံရိပ်

ဆေးရုံသို့ သွားစဉ် သားသား နှင့်ဘွားဘွားအေး
ဆေးရုံသို့ သွားစဉ် သားသား၊ ဘွားဘွားအေး နှင့် အဂ္ဂဖေဖေ
သားသား နှင့်ဘွားဘွားအေး

သားသား နှင့်ဘွားဘွားအေး

ပုခက်ထဲက သားသားလေး အဂ္ဂဘုန်း