ကျွန်မ ၆ တန်းနှစ်ကစလို့ ကျိုက်ထိုမှာနေခဲ့ပါတယ်။ အေးချမ်းတဲ့မြို့ကလေးလို့ဆိုရမှာပေါ့။ ၆ တန်းနှစ်မှာ ၈၈ အရေးအခင်းဖြစ်တော့ ကျိုက်ထိုက အညိုရောင် နယ်မြေမှာပါပါတယ်။ ညနေ ၆ နာရီဆို ကားတွေဖြတ်လို့မရတော့ပါဘူး။ သိမ်ဇရပ် တံတားကနေ စပိတ်လိုက်တာပါ။
ရန်ကုန်ကနေလာမယ်ဆိုရင် ၄ နာရီကျော်လောက်ကားစီးရပါတယ်။ ရန်ကုန်-ကျိုက်ထို ၆၅ မိုင်အကွာအဝေးရှိပါတယ်။
ကျိုက်ထိုကမွန်ပြည်နယ်ပိုင်ပေါ့ ကျိုက်ထိုမြို့လေးက မကျယ်ဝန်းပေမဲ့ အနီးအနားရွာတွေနဲ့ ပေါင်းရင်တော့အတော်များတယ်။ ကော့ထင်းရွာ၊ကျိုက္ကသာ၊ ခလွန်၊ စက်လှေနဲ့သွားလို့ရသေး တဲ့နေရာတွေလည်း အများကြီးပဲပေါ့။
ကျွန်မ မေမေကတော့ ကျိုက္ကသာ ဇာတိပေါ့။ အင်း သိကြမလား အသားမင်းသား အဲ့ဒီမင်းသားတည်ထားတဲ့ ဆုတောင်းပြည့်ဘုရားရှိတယ်။ ပြီးတော့ နန်းတော်မြို့ဟောင်းရဲ့မြို့ရိုးတွေတူးဖော်တွေ့ရှိတယ်လို့လည်းဆိုတယ်။ သိတော့များများစားစားတော့ မသိပါဘူး။ သိတာကတော့ ကျိုက္ကသာသူတွေက သိပ်ချောကြတယ်။ ရေက အင်မတန်မှကောင်းတယ်။ အဓိက လယ်ယာလုပ်ငန်း၊ ဥယာဉ်ခြံလုပ်ငန်း နဲ့ ရေလုပ်ငန်းတွေလုပ်ကြတယ်။
ကျောင်းကတော့ အလယ်တန်းကျောင်းအထိပဲရှိတယ်။ အထက်တန်းရောက်လာတဲ့ ကျောင်းသူ၊ ကျောင်းသား အားလုံး ကျိုက်ထိုမှာပဲလာတက်ကြတယ်။
ကျိုက်ထိုမှာကတော့ အထက်တန်းကျောင်းနှစ်ကျောင်းရှိတယ်။ အထက ၁ နဲ့ ၂ ပေါ့ (အခုအခေါ်) အရင်ကတော့ အထက ၁ ကို ရှမ်းဈေးကျောင်း လို့ခေါ်ပြီ အထက ၂ ကိုတော့ ကော့စံနိုင်ကျောင်းလို့ခေါ်ပါတယ်။ ဈေးကနှစ်ခုရှိတယ် ရှမ်းဈေးနဲ့ ဈေးကြီးပေါ့။ နေ့တစ်ဝက်ပဲဖွင့်တဲ့ တစ်ခြား ရုပ်ရှင်ဈေးတွေလည်းရှိသေးတယ်။
ကျွန်မကတော့ ကော့စံနိုင်ရပ်ကွက်မှာ နေပြီး ကော့စံနိုင်ကျောင်းမှာတက်တဲ့သူပေါ့။ ကျိုက်ထိုမြို့ရဲ့ စီးပွားရေးအများစုကတော့ ကျိုက်ထီးရိုး ဘုရားပေါ်မှာ ဈေးဆိုင်ဖွင့်၊ ဈေးရောင်းကြတဲ့အလုပ်ပါပဲ။
အော်ဒါနဲ့ ဘုရားပေါ်မှာ ဈေးရောင်းချင်တိုင်းရောင်းခွင့်မရှိဘူးနော် အဟဲ လေလံဆွဲရတယ်ရှင့်။ ထမင်းဆိုင်တစ်ဆိုင်ကို သိန်း ၁၀၀၀ ဆိုင် အရှေ့ဘက်ရောက်ရင်ရောက် သလိုပေးရပါတယ်။
ကွမ်းရာဆိုင်လေးတွေတောင် အနည်းဆုံး ၁၀ သိန်းလောက်ရှိတယ်ရှင့်။ ကျွန်မတို့မြို့မှာ စာဆိုရှိတယ် ဘုရားလူကြီး (ဂေါပကလူကြီး) တွေကိုသေတာတောင် ဗိုက်ကမကျော်ကောင်းဘူးတဲ့ အဟဲ။ ဘုရားပိုက်ပိုက်တွေ စားထားကြတဲ့သဘောပေါ့။
အင်း ကျွန်မတို့ အိမ်ကလား ရန်ကုန်ကနေကနဲ့ ဘုရားဖူးလာရင် အိမ်ရှေ့ကဖြတ်မှ သွားလို့ရတယ်ရှင့်။
ကျိုက်ထီးရိုးရောက်ဖူးတဲ့အကြိမ်အရေအတွက် အတိအကျတော့မမှတ်မိဘူး ၁၉၉၇ တစ်နှစ်ထဲ့မှာတော့ သက္ကသိုလ်ကျောင်းတော့ကြီးက ပိတ်လို့ ချစ်သူငယ်ချင်းအပေါင်း လာလည်သမျှလိုက်ပို့ရတာ ၇ ခေါက်ထက်မနည်းပါဘူး။
အိမ်မှာက ရှပ်အင်္ကျီချုပ်ဆိုင်လေးရှိတယ်။ ကျိုက်ထီးရိုးတောင်တက် ကားလေးရှိတယ်။
လာလည်ကြရင်ပြောလေ ကျွန်မ ကတော့ မရှိဘူး။
ကျိုက်ထီးရိုးရောက်ရင် ဈေးကြီးတာ အပြစ်မဆိုကြပါနဲ့နော် သူတို့တွေအစိုးရကို နှစ်စဉ် လေလံပေးကြရတယ်ရှင့်။ အယ်ဒီပိုက်ပိုက်တွေ ဘယ်ရောက်သွားလည်းကျွန်မလည်း မသိဘူး။
အော်ကျိုက်ထီးရိုးရောက်ရင် တောင်ပေါ်သားဈေးလို့ပြောရင် ဈေးသက်သာပါတယ်။ ဒါကတော့ စကားဝှက်လို့ပဲပြောရမလား။ တောင်ပေါ်သား ဆိုတာ ကျိုက်ထိုကလူ တွေလိုပြောတာပါ။
အခုတော့ မသိတော့ဘူးနော် အရင်ကအဲလိုပြောရင်ရတယ် ကျိုက်ထိုမရောက်တာတောင်နှစ်အတော်ကြာပေါ့။
ကော့စံနိုင် (ဇီဇ၀ါမြောက်) လမ်းကြားက မညိုအသုပ်၊ မုန့်ဟင်းခါး၊ အကြော်စုံဆိုင်ကိုလွမ်းတယ်။ အန်တီဝင်းရဲ့ ၀က်သားပြာရည်ထုပ် စားချင်တယ်။ လွမ်းတယ် ………………….
မြန်မာပြည်ကို လွမ်းတယ် ……………….
3 comments:
ဒီအစ်မကတော့ စောစောစီးစီးကို လွမ်းနေတယ်ပေါ့လေ။ အစ်မနဲ့အတူ လွမ်းကူပေးလိုက်ပါတယ်နော်။ အို.... မေ့လို့ မေ့လို့ ကိုကြီးရှိနေတာပဲကို ဒီက မလိုဘူးထင်ပါတယ်နော်။
ကျိုက်ထိုမြို့လေးကို ရေးပေးတာ တော်တော်စုံတယ်..ကျိုက်ထီးရိုးဘုရားကို သတိရတိုင်း ကျိုက်ထိုမြို့လေးကို ပါ လွမ်းတာလေ..ပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ် သားသားရဲ့ မေမေ ကျမ်းမာပါစေနော်...နှစ်ကူးမှာ မိသားစုတစ်ခုလုံး ပျော်ရွှင်ကြည်နူးပါစေ
မိုးကောင်းသူ လွမ်းကူပေးတာ ကျေးဇူးပါရှင့်။
မဆုမွန် ရေ့ ဆုတောင်းမေတ္တာတွေရရှိပါကြောင်းနှင့် ကျေးဇူးအထူးတင်ရှိကြောင်းပါ။
Post a Comment