Wednesday, May 13, 2009

အိမ်မှာနားနေရက် ၃ ရက်မြောက်နေ့

ဒီလိုသာနေရရင် အပျင်းရောဂါစွဲကပ်ပြီး သေနိုင်တယ်။ ငယ်စဉ်ကတည်းက တနေ့တာမှာ ၁) ပညာရရင်ရ၊ ၂) ဥစ္စာ ရရင်ရ ဒါမှမဟုတ် ၃) ကုသိုလ်ရ ဒီ ၃ ခုက တစ်ခုမှ မရရင်တော့ လူ့တိရစ္ဆာန် ဖြစ်တယ် ဆိုတာကို စွဲနေခဲ့တယ်။

တစ်နေ့တာ မေတ္တာပို့တာရယ် မေမေနဲ့ ခင်ပွန်းသည်ကို ချက်ကျွေးတာတော့ လုပ်ဖြစ်တယ်။ ကုသိုလ်ကတော့ ရမှာပါ မေတ္တာအပြည့်နဲ့ ချက်ကျွေးတာဆိုတော့ တစ်ခုပဲရှိတယ်။ လက်တွေက ရောင်နေတော့ ကိုင်ရတာ မမိတာတစ်ခုပဲ ၁၁ မေလ ၂၀၀၉ ရက်နေ့က ကြက်သားပြုတ်အိုး ကိုင်ပြီးရွေ့လိုက်တာ ပြုတ်ကျသွားတယ် (အဟိ)။ အဲဒီနေ့က ချက်လိုက်ကျော်လိုက်တာစုံနေတာပဲ ပျော်လည်းပျော်တယ်။ စာမူဆာကြော်၊ ကြက်ကိုဆန်နှစ်နဲ့ အကျွတ်ကြော်၊ အားလူးတစ်လုံးကိုလည်း ပါးပါးလှီးပြီး ဆန်နှစ်နဲ့ အကျွတ်ကြော်လိုက်သေးတယ်၊ ကြက်သွန်ကြော်လည်းပါရဲ့ ငါးဟင်းအကျန်လေး ကိုလည်း ငါးပေါင်းကြော်လုပ်လိုက်သေးတယ်။ အချဉ်ရည်ကတော့ မေမေလုပ်တယ်။
ကွမ်းစားတဲ့မေမေက အချဉ်ကြောက်တာတော့ မပြောပါနဲ့တော့။ မေမေရဲ့ အချဉ်ရည်က အငန်ရည်ဖြစ်နေတာပဲ။ စားလို့ကလည်းကောင်း။
၁၂ မေလ ၂၀၀၉ မနက်ကတော့ နနွင်းမှုန့် ပုလင်းပြုတ်ကျပြီးကွဲသွားတယ် (အဟေ့)။ ညာလက်ထိပ်က အတော့်လေး ကိုင်တာမသိဘူး၊ တံခါးတွေ၊ ရေတွေ လှည့်ဖွင့်လည်း မရဘူး။ ဆရာဝန်ကတော့ ကိုယ်ဝန်ဆောင်ပုံမှန်ပဲတဲ့၊ စိုးရိမ်စရာ မရှိပါဘူး။

ခြေထောက်လည်းဒီလိုပဲ ရောင်လိုက်တာ ၀က်ခြေထောက်ကျနေတာပဲ။ အဟဲ ဒီနေ့တော့ မေမေ့ အတွက် နေထိုင်ခွင့် သွားတိုးပြီးပြန်လာတော့ ခင်ပွန်းသည်ကြိုက်တတ်တဲ့ ၀က်သားနဲ့ ပတ်သက်လို့ ၀က်ခြေထောက်နဲ့ ၀က်သား ၀ယ်ခဲ့တယ်။ ကိုယ်ခြေထောက်ကို ပြုတ်ကျွေးသလိုတော့ ဖြစ်နေသလားပဲ။

ဒီနေ့ ၀က်ခြေထောက်စွပ်ပြုတ်လေးကို အားလူးလေးထဲ့၊ ကြက်သွန်ဥ အလုံးလိုက်လေးထဲ့၊ ကြက်သွန်ဖြူလေးထုပြီးထဲ့၊ ဂျင်းလေးလည်းပါတယ်၊ ပြီးတော့ ကြက်သွန်မိတ်ကလေး ညှပ်ထဲ့လိုက်တယ်။ အရွက်စုံကြော်လေးနဲ့ ခရမ်းချဉ်သီးလေးနဲ့ ၀က်သားအကြေလေး ကိုခြောက်ခြောက်လေးကြော်တယ်။ အားလုံးဘလော့ဂ်ပေါ်ကပဲ စားဖို့ ဖိတ်လိုက်ပါတယ်။ ချွေးသန်တဲ့ကျွန်မချွေးကျအောင် ချက်ထားတယ် ၀အောင် အားရပါးရ သုံးဆောင် ပေးကြပါ။

ပြီးခဲ့တဲ့ နှစ်ရက်ကတော့ ချက်ပြီး စားသောက်ပြီး အိပ်တာပဲ။ စာအုပ်လေးဖတ် အခုဖတ်နေတာကတော့ ရှင်ဇနကာဘိဝံသရဲ့ ဘာသာသွေး စာအုပ်လေးပေါ့။ ပြီးခဲ့တဲ့ရက်ကတော့ ရှင်ဇနကာ ဘိဝံသရဲ့ လူ့ချမ်းသာ ဆိုတဲ့စာအုပ်လေး အရမ်းကောင်းတယ် ကိုယ်ဝန်ဆောင်တွေအတွက်ရေးထားတာပါ။ ကျွန်မ (http://www.myanmarbookshop.com/MynBookLists.aspx?intAuthorID=154) က၀ယ်တယ်။ ၁.၇၅ ဒေါ်လာ ပေးရတယ်။ မြန်မာပြည်က အိမ်အရောက် ပို့ပေးတယ် စင်္ကာပူ City Hall မှာ ၀ယ်ဒါထက်ပိုတန်တယ်။ ရှင်ဇနကာ ဘိဝံသရဲ့ တစ်ဘ၀သာသနာ ဆိုရင် ၀က်ဆိုဒ်ပေါ်မှာ ၆.၂၅ ဒေါ်လာ ကို စင်္ကာပူမှာ ၂၂ စင်္ကာပူဒေါ်လာပေးရတယ်။

ကိုယ်ဝန်ကြည်နဲ့ ကျွန်မ ဘာလေးလုပ်သင့်လည်းပြောပေးကြအုံးနော်။

4 comments:

မိုးကောင်းသူ said...

နောက်ထပ် ဘာတွေများချက်စားကြအုံးမလဲ။ အားတဲ့ တရက်ရက် လာခဲ့ပါအုံးမည်။ ချက်ကျွေးဖို့သာ ပြင်ထားနော်။ အဟီးးးးးးးးးးး

မိဘမေတ္တာ said...

အားတဲ့အချိန်သာ လာခဲ့ စားစရာအတွက် မပူနဲ့

မဆုမွန် said...

မေမေ အ၀စား အဲ့တာမှ အထဲက သားလေး ဗိုက်ပြည့်ပြီး အားရှိမှာ ချက်စားနေတာ အားရစရာကြီး တစ်ချို့ သူများတွေဆို အစားအသောက် ပျက်ကြတယ်နော် မွေးတဲ့အထိပဲ

အကြော်စားချင်လိုက်တာ

ကျမ်းမာရေး ဂရုစိုက်နော်

မိဘမေတ္တာ said...

မဆုမွန်ရေ့ စ့င်္ာပူလာလည်ရင်ဆက်သွယ်ပါ ချက်ကျွေးပါမယ်။ အစားအသောက်က ကိုယ်ဝန်စရခါစမှာ ပျက်ကြတာပါ။ အခုတော့ စားလိုကောင်းတယ်။ တစ်ခါတရံ ဗိုက်နာတယ်။ မွေးခါနီးနေပြီး မဆုမွန်ရေ့။