Thursday, May 28, 2009

ပီတိ ဟူသည်

ဘလော့ဂ်လေးပေါ် မရောက်တာ ကြာသွားတယ်။ ခွင့်လွှတ်ကြပါ။ ကျမ ပိတီစားပြီး၊ ဗိုက်ထဲက သားလေးအတွက် အလုပ်ရှုပ်နေလို့ပါ။ ဘာပိတီတွေ စားနေသလဲလို့ ပြောပြချင်တယ်။ ကျမရဲ့ ၀ါသနာဗီဇကို ပေါ်လွင်စေပါတယ်။ ကျမက သူများကို သိပ် ဆရာလုပ်ပါတယ် (မုန်းဖို့ကောင်းတယ်ပေါ့နော်)။ ဒါ့ပြင် အိမ်(ကျိုက်ထိုမှာ) ဆို ဗွီဒီယိုပြရင် အနီးအနားမှာရှိတဲ့ ကလေးတွေအားလုံး အိမ်ထဲမှာ အပြည်အလျှံ လာကြည့်တတ်ကြပြီး အင်္ဂလိပ်စာတမ်းထိုးဆိုရင် ကျမက မေမေတို့နဲ့ အားလုံးကို ဘာသာပြန်ပြလေ့ရှိတယ်။ ဒါကလည်း သူများတွေကို ဆရာလုပ်နည်းတမျိုးဆိုတာ မသိဘဲ ဆရာလုပ်ခဲ့ပါတယ်။

ကျမက မြန်မာပြည်မှာကတည်းက (KMD Computer Center, Software Department) က ဆရာမလေးတယောက် ဖြစ်ပါတယ်။ စာသင်တာကို အင်မတန်မှ ၀ါသနာပါပြီး တနေ့မှာ သူများ ၃ ချိန်လောက်သင်ရတာကို ကျမကတော့ ၄ ချိန်အပြည့် သင်ရတတ်ပါတယ်။ အသံတွေပျောက်ပြီး သင်တန်းသူ၊ သင်တန်းသားတွေရဲ့ ရှေ့ရောက်မှ အသံပြန်ထွက်လာတတ်ပါတယ်။ စာသင်ရတာကို ပျော်တတ်တဲ့ ဆရာမလေးတယောက်ပေါ့။

ဒီလိုနဲ့ အင်္ဂလန်ရောဂါတက်ပြီး ကျောင်းသွားတက်မယ်၊ ကျောင်းအပ်၊ အလုပ်ထွက် ဗီဇာမရတာနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ကို ဆရာမအလုပ်နဲ့ ထွက်လာခဲ့ပါတယ်။ ဘန်ကောက်က ဆရာမအလုပ်က ကျမမျှော်လင့်ထားတဲ့ ကျောင်းသားအများကြီးကိုသင်ရတဲ့ အလုပ်မဟုတ်ဘဲ တအိမ်တည်းမှာရှိတဲ့ ကျောင်းသူ ၆ ယောက်လောက်ကို ဆရာမ ၃ ယောက်က သင်ပေးရတဲ့ (Guide) ဆရာမပုံစံမျိုးမို့ ကျမ စိတ်ဓာတ်တွေ အကြီးအကျယ် ကျသွားခဲ့တယ်။ ဒီလိုနဲ့ ကျမ ၆ လလောက်နေတော့ တခြား ကွန်ပျူတာအလုပ်တခုရတာနဲ့ ထွက်လိုက်တယ်။

အဲဒီ ကွန်ပျူတာအလုပ်မှာ ကျမရဲ့ ခင်ပွန်းသည်နဲ့ ဆုံကြလေသတည်းပေါ့။ ဒီလိုနဲ့ တခြား ကုမ္ပဏီတခုကို (Programmer) အလုပ်နဲ့ ထပ်ပြောင်းဖြစ်ခဲ့တယ်။ အဲဒီအချိန်ကစလို့ တနင်္ဂနွေနေ့တွေမှာ ကျမ မြန်မာအလုပ်သမား ကျောင်းသူ ကျောင်းသားတွေကို ကွန်ပျူတာအခြေခံ သင်ပေးခွင့်ရပြန်တယ်။ ကျမရဲ့ အပျော်ဆုံးအချိန်လေးတွေ ဖြစ်ခဲ့ပြန်တာပေါ့။ ဒီလိုနဲ့ ကျမရဲ့ အလုပ်တဖက်၊ ပညာရေးတဖက်၊ ကျောင်းသူကျောင်းသားတွေတဖက်နဲ့ ခင်ပွန်းသည်ရဲ့ ပံ့ပိုးပေးမှုကြောင့် အဆင်ပြေပြေ အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့တယ်။ ခုချိန်ထိ ကျမရဲ့ စာသင်ပေးခဲ့ရတဲ့ ကျောင်းကလေးကို လွမ်းနေမိပြန်တယ်။

ဒီလိုနဲ့ စင်ကာပူမှာ (Analyst Programmer) - (System Analyst) အဖြစ်နဲ့ နေသည်ပေါ့။ ဒီလိုနဲ့ သားလေးတယောက်မွေးဖွားဖို့ ၈ လကျော်လာတဲ့အချိန်မှာ ထိုင်းမှာရင်နှီးခဲ့တဲ့ မိတ်ဆွေတယောက် စင်ကာပူမှာ အလုပ်ရတယ်။ သူကျွမ်းကျင်တဲ့ (Programmer) အလုပ် မဟုတ်တဲ့အခါမှာ ကျမကို အကူအညီတောင်းလာတယ်။ သူ့ရဲ့အလုပ် (Project) နဲ့ ပတ်သက်လို့ပေါ့။ အမှန်အတိုင်းပြောရရင်တော့ ကိုယ်ဝန်ဆောင် အလုပ်တဖက်နဲ့ အိမ်ပြန်ရောက်တဲ့အချိန်မှာ အနားယူချင်ပါပြီ၊ အရမ်းပင်ပန်းပါတယ်။ ဒါပေမယ့် မိတ်ဆွေ သူငယ်ချင်းကလည်း အခက်အခဲရှိနေတော့ သူ့ (Project) ကို ရှင်းပေးရင်း အချိန်တွေ ကုန်ခဲ့ပါတယ်။ အင်မတန်မှ ရိုးသားဖြူစင်တဲ့ တိုင်းရင်းသားမိတ်ဆွေက သူ့ (Project) ကလေး အဆင်ပြေတာကို ၀မ်းသာနေတဲ့ သူ့ပုံစံ မြင်ရတော့ ကျမ အတိုင်းအဆမဲ့ ပီတိဖြစ်မိတယ်။ ကျမ အဲဒီပီတိမျိုး သိပ်သဘောကျတယ်။ ဒါကြောင့် ကျမဘ၀မှာ ဆရာမလုပ်ဖို့ပဲ မျှော်လင့်တယ်။

မြန်မာပြည်ပြန်မယ်၊ သင်တန်းလေးဖွင့်မယ်၊ စာသင်မယ်။ ဒါလေးက ကျမရဲ့ ဆန္ဒလေးပါ။ အခွင့်အရေးရရင် စာသင်၊ သင်တန်းကျောင်းလေးဖွင့်ဖို့ စဉ်းစားတယ်။ စင်ကာပူရောက်ခါစက (Peninsula Plaza) မှာ ပညာဒါနသင်ပေးဖို့ စုံစမ်းပြီး ကတ်ပေးခဲ့တယ်။ ဒါပေမယ့် ကျမကို မဆက်သွယ်လာခဲ့ဘူး။
ကျမ ပီတိချိုမြိန်စားခြင်းရဲ့ အရသာ သိသွားပြီမို့ နောက်ထပ် ပီတိစားဖို့ အမြဲတမ်း ပီတိစားနိုင်ဖို့ ကြိုးစားနေဦးမည်။

3 comments:

မိုးကောင်းသူ said...

ပီတိ များများစားနိုင်ပါစေရှင်။

မိဘမေတ္တာ said...

ဟုတ်ကဲ့ စားဖို့ အများကြီးကျိုးစားမယ်။

GreenGirl said...

အစ်မရေ ချောချောမောမော မွေးဖွားနိုင်ပါစေနော်။ ပီတီတွေလည်း အများကြီးစားနိုင်ပါစေ :)

link သွားလို့ကျေးဇူးပါနော်။