Thursday, March 12, 2009

လောကကြီးမှ သင်ယူခွင့်ရရှိသော ဘာသာရပ်အသစ်တခု

ကိုယ်ဝန်ရှိလာခြင်းနဲ့ပတ်သက်ပြီး လောကကြီးမှ သင်ယူခွင့်ရရှိသော ဘာသာရပ်အသစ်တခု သင်ကြားခွင့်ရတယ်လို့ ခံစားရတယ်။ လူတိုင်း ဒီအခွင့်အရေး မရနိုင်ဘူးဆိုတာ အားလုံးအသိပါ။ အိမ်ထောင်ရှိတာတောင် မိန်းမမှာသာ အထူးရရှိတဲ့ အခွင့်အရေးလို့ ပြောရမလားပဲ။

ကိုယ်က ပညာရေးမှာ ကံကောင်းစွာ မြန်မာပြည်မှာကတည်းက ပညာသင်ဆု ရခဲ့ဖူးလေတော့ အခုလည်း လောကကြီးက ကိုယ့်ကို ဒီဘာသာရပ်နဲ့ပတ်သက်ပြီး သင်ကြားခွင့် ပညာသင်ဆုပေးတယ်လို့ ခံယူမိတယ်။

ကိုယ်တို့ နှစ်ဦးသဘောတူ ကလေးယူတုန်းက မရဘဲ၊ လောလောဆယ် ကလေးမယူသေးဘူး၊ မတ်လမှာ မြန်မာပြည်ပြန်ပြီး တလ တရားစခန်းဝင်မယ်ပြောပြီး ရုံးကိုတောင် ခွင့်ကြိုတင်ဖို့ ပြောပြီးကာမှ ကိုယ်ဝန်ရှိနေမှန်း သိရတယ်။ ဖြစ်ချင်တော့ မနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ သွေးလှူဖြစ်သေးတယ်။ သွေးလှူပြီးရင် ထုံးစံအတိုင်းဖြစ်တတ်တဲ့ တလ၊ နှစ်လ ဓမ္မတာပျောက်လေ့ရှိတော့ စက်တင်ဘာလမှာ ပုံမှန်မလာတာကို ရိုးရိုးလို့ပဲ အောက်မေ့မိတယ်။ အဲဒီအချိန်မှာ ကိုယ်ဝန်ရှိမရှိစစ်တဲ့ ကိရိယာလေးနဲ့ စစ်ကြည့်တော့လည်း ဘာမှမပေါ်သေးဘူး။ ဒါနဲ့ပဲ ပုံမှန်အတိုင်း သူငယ်ချင်းတွေနဲ့ ဆုံဖြစ်ရင်၊ စိတ်လိုလက်ရလည်းရှိတယ်ဆိုရင်၊ ပျော်ပျော်ပါးပါးဖြစ်ရင် တခွက်တဖလား သောက်ဖြစ်သေးတယ်။

နောက် အဲဒီအချိန်မှာ ကိုယ်ဖတ်နေတဲ့စာအုပ်က အရှင်ဇနကာဘိဝံသရဲ့ “တစ်ဘ၀သာသနာ” စာအုပ်။ သိပ်သဘောကျတဲ့စာအုပ်ပေါ့။ အဲဒီစာအုပ်ထဲမှာ ဆရာတော်က သူ့ရဲ့စာသင်သားသံဃာ ၅၀၀ ကျော်ကို ညနေဘက် ချင်းနဲ့ ထန်းလျက် ပြုတ်တိုက်တယ်လို့ပါတယ်။ ဒါနဲ့ ကိုယ်လည်း စိတ်ကူးရပြီး ကော်ပီကူးတာပေါ့လေ၊ ချင်းနဲ့ထန်းလျက် ပြုတ်သောက်လိုက်သေးတယ်။

စက်တင်ဘာအစောပိုင်း ရောက်လာတော့ လူက အလိုလိုနေရင်း ပင်ပန်းတာရယ်၊ မကြာခဏ အန်တာရယ်ကြောင့် အစာအိမ်တခုခုဖြစ်သလားဆိုပြီး အောက်မေ့မိတယ်။ နောက်ဆုံးတော့ ဘယ်လိုမှမသင်္ကာတာနဲ့ပဲ ထပ်စစ်လိုက်တော့ လားလား… စစ်တဲ့ကိရိယာလေးမှာ နှစ်ကြောင်းပေါ်နေပါရောလား…..။ ဧည့်သည်လေးတယောက်တော့ ကိုယ့်တို့ကမ္ဘာလေးထဲလာဖို့ ကိုယ့်ဗိုက်ထဲမှာ အစပြုနေပါရောလား။ အဲဒီသတင်းလည်းကြားရော ချစ်ခင်ပွန်းသည်ကတော့ ပျော်နေလိုက်တာလေ။ ကိုယ်ကလည်း ကိုယ်ဝန်ရှိလာပြီဆိုတော့ ရှိစေတော့ပေါ့၊ လာချိန်တန်လို့ လာတာပဲလေ ဆိုပြီးတော့ သဘောထားလိုက်ပါတယ်။

ကိုယ် မြန်မာပြည်ခဏပြန်ပြီး ဖားအောက်မှာ တရားစခန်းဝင်မယ့်ကိစ္စလေးတော့ လောလောဆယ် ဘယ်လိုမှ မဖြစ်နိုင်သေးဘူးပေါ့လေ။ ဒါပေမယ့် တရားနာဆဲ၊ တရားစာအုပ်တွေကတော့ ဖတ်ဖြစ်ဆဲပါပဲ။ ကံကောင်းထောက်မချင်တော့ အင်မတန်မှ လေ့လာချင်နေတဲ့ အဘိဓမ္မာကိုလည်း လေ့လာခွင့်ရဦးမယ်။ စနေနေ့တိုင်း ည ၇း၃၀ ကနေ ၉ နာရီအထိ ဒီက ဖားအောက်ဘုန်းကြီးကျောင်းမှာ သင်ပေးနေတယ်တဲ့။

ကိုယ်ဝန်ရှိလာတာနဲ့ ပတ်သက်လို့ လောကကြီးက ကိုယ့်ကို ဘာတွေပေးသလဲ၊ တခါမှ မသိဘူးတဲ့ အသိတွေကို နားလည်နိုင်ဖို့ ပေးပါတယ်။ ဒါကတော့ ဗိုက်ကြီးရတဲ့ဒုက္ခပေါ့။ ဗိုက်ထဲမှာနေရတဲ့ဒုက္ခလည်း မလွယ်ဘူးဆိုတာ ခံစားသိရှိပြန်တယ်။

ကိုယ်ဝန်ဆောင်ကာစ အစောပိုင်းကာလမှာတော့ ဘာမှမစားချင်သလို အနံ့တွေနဲ့ ပတ်သက်ရင် ဘယ်လိုမှ မခံနိုင်ဘူး။ ပထမ ကိုယ်ဝန်ရှိမှန်း မသိသေးတဲ့အချိန်မှာ အစိမ်းရောင်ပန်းသီးတွေကို မက်မက်မောမော စားနေမိတယ်။ နောက် ကိုယ်ဝန်ရှိမှန်းသိပြီးတဲ့ ဒုတိယလမှာ စတော်ဘယ်ရီသီးတွေကို ဆားနဲ့တို့ပြီး နှစ်နှစ်ခြိုက်ခြိုက် စားမိတယ်။ ထမင်း ဟင်းတွေဆို လုံးဝမကြည့်ချင်ဘဲ ၃ လကျော်တဲ့အထိ မကြာခဏ ထိုးထိုးအန်နေတတ်တယ်။ ထူးခြားတာက အလိုလိုနေရင်း ပင်ပန်းနေတာပါပဲ။

ဗိုက်ထဲမှာ လူသားလေးစဖြစ်ရတာ ဘယ်လွယ်မှာလည်းနော်။ လူသားလေးရဲ့ ခန္ဓာအစိတ်အပိုင်း စဖြစ်ချိန်မှာ ရင်ဘတ်အောင့်တဲ့ဝေဒနာ စခံစားရတယ်။ ဒါနဲ့ပဲ ကိုယ်ဝန် ၄ လကျော်လာတော့ ပုံမှန်ပြန်စားလာနိုင်တယ်။ အစပ်တို့၊ ယမကာတို့ကတော့ အလိုလိုနေရင်း ရှောင်နေမိသားဖြစ်သွားတယ်။ သြော် အထဲက ရင်သွေးလေး မျက်စိကောင်း၊ ဉာဏ်ရည်ကောင်းဖို့အတွက် ဆေးတွေကလည်း သောက်ရပါသေးတယ်။

ဒီလိုနဲ့ ၅ လရောက်လာတော့ ထူးဆန်းတဲ့အဖြစ်တခု စလာပြန်သေးတယ်။ လူသားလေးအတွက် ပြင်ဆင်နေတဲ့ နို့ရည်က အဆင်သင့်ဖြစ်နေပြီလေ။ တညသား ရုတ်တရက် ရင်ဘတ်မှာစိုနေတော့ လန့်သွားပြီး သိတဲ့လူကြီးတွေကို မေးမြန်းစူးစမ်းရတယ်၊ ပုံမှန်ဟုတ်၊ မဟုတ်။ ဒါတွေကတော့ ကိုယ့်အတွက် ဘာသာရပ် အသစ်စက်စက်တွေလေ။

ဒီလိုနဲ့ ကိုယ်ဝန် ၆ လထဲရောက်လာပါပြီ။ အဲဒီမှာ တခါ ခြေ၊ လက်တွေရောင်ပြီး မျက်နှာ နည်းနည်း အမ်းလာတာပါပဲ။ ဒါနဲ့တခါ မေးကြည့်ပြန်တော့ တချို့က ၃ ခါရောင်ပြီးရင် မွေးတတ်တယ်လို့ ပြောလို့ အထိတ်တလန့် ဖြစ်ခဲ့ရသေးတယ်။ မေးမိတဲ့အချိန်မှာ ကိုယ်က ၂ ခါရောင်ပြီးပြီဆိုတော့ ဒီတခါရောင်ပြီးလို့များမွေးရင် လမစေ့ပဲမွေးတဲ့ကလေး ဖြစ်တော့မှာပဲဆိုပြီးတော့ပေါ့။ ဒီနိုင်ငံမှာလမစေ့ဘဲမွေးရင် ပြဿနာက ငွေကြေးလေ၊ ကုန်ကျစရိတ်က ကိုယ်ဘယ်လိုမှ လက်လှမ်းမမီနိုင်လောက်တဲ့ ပမာဏ ကုန်မယ်တဲ့။ နောက်တော့မှ ခြေတွေလက်တွေရောင်တာ ကိုယ့်အလုပ်အနေအထားကြောင့် သွေးကျပြီးရောင်တယ်ဆိုတာရယ်၊ ၃ ခါရောင်ပြီး မွေးတယ်ဆိုတာ လွဲမှားတဲ့အယူအဆတခုဆိုတာရယ် သိရတော့မှပဲ စိတ်အေးမိတော့တယ်။ အခုတော့လည်း မကြာခဏ ရောင်ရောင်နေလို့ စိုးရိမ်တဲ့စိတ် သိပ်မရှိတော့ပါဘူး။

တခုပဲပြောစရာရှိတာက ဒီတလော ဘာဖြစ်တယ်မသိ၊ ထစ်ခနဲဆို မျက်ရည်က အရင်ကျမိနေတယ်။ စိတ်ဓာတ်ကျတာမဟုတ်ပေမယ့် ၀မ်းနည်းတဲ့ဓာတ်ခံက ပိုများနေသလိုပဲ။ ဒါလည်း ကိုယ်ဝန်သည်အများစု ဖြစ်တတ်တဲ့လက္ခဏာတရပ်ပဲတဲ့၊ အင်း… ကိုယ့်အတွက် ဘာသာရပ်အသစ်တခုပေပဲပေါ့။

အခု ကိုယ်ဝန်က ၇ လထဲမှာ။ ဒီတခါကြတော့ ခါးက နာနာလာတယ်။ အိပ်ရတာ အဆင်မပြေဘူး။ အထဲကသားလေးက လှုပ်လှုပ်ရှားရှားလုပ်ရင် ကိုယ်လည်း ခံစားသိနဲ့ သိတတ်နေပြီ။ ဘာပဲဖြစ်ဖြစ် အဲဒီထူးခြားမှုကို ဘာသာရပ်အသစ်တခုအနေနဲ့ နှစ်နှစ်သက်သက် သင်ယူနေမိတယ်။

ကိုယ်က တနေ့တနေ့ ထိုင်တာများတာရယ်၊ ကိုယ်အလေးချိန် တက်တာရယ်ကြောင့် မြီးညှောင့်ရိုးက ဆိုးဆိုးဝါးဝါး နာကျင်ခံစားရတယ်။ အဲဒါကတော့ ကိုယ့်အတွက် ဆိုးဝါးတဲ့၊ သင်ယူလက်ခံဖို့ခက်တဲ့ ဘာသာရပ်တခုပါပဲ။ ဘာပဲဖြစ်ဖြစ်လေ အခုအချိန်မှာ ကိုယ်တိုင်ရွေးချယ်ခဲ့ပြီးသားမို့ ကြိုက်တဲ့ဘာသာရပ်ရော မကြိုက်တဲ့ဘာသာရပ်ရော ကျေညက်စွာ သင်ယူရပေဦးတော့မယ်။

3 comments:

Thet Nandar said...

အိပ်ရင် ပေါင်အောက်မှာ ခွခေါင်းအုံးလေး ထားပီး အိပ်ပါလား။ ဒါမှ မဟုတ် ဘေးစောင်းလေး အိပ်။ ခါးနာ သက်သာတယ်။ သားလေးဆိုတော့ ပျော်နေမှာပဲနော်။ ပျော်ရွှင်ပါစေ။

မိဘမေတ္တာ said...

ဟုတ်ကဲ့ မသက်နန္ဒာ၊ ကျေးဇူးပါ။

မိုးခါး said...

ပျော်ရွှင်ပါစေရှင် .. သားလေးလားး) အပျော်တွေကူးစက်သွားပါတယ် ..း)